အင်ပြင် ထတဲ့အခါ
အရေပြားပေါ်မှာ နီရဲယောင်ရမ်းကာ ယားယံပြီး အဖုအပိမ့်တွေ အပြင်လိုက် ရုတ်တရက် ထလာတာမျိုးကို ကြုံဖူးကြလား။ အဲဒီလို ပေါ်လာတာမျိုးတွေက ဆေးပညာအရ Urticaria လို့ခေါ်ပြီး Hives လို့လည်း သိကြတဲ့ အင်ပြင်ထတာ ဖြစ်ပါတယ်။
အင်ပြင်ဘာကြောင့် ထသလဲ?
အင်ပြင်ထတာဟာ ဓာတ်မတည့်ခြင်းတစ်မျိုးပါပဲ။
- အစားအစာတွေနဲ့ ဓာတ်မတည့်တဲ့အခါ (ဥပမာ-ပင်လယ်စာနဲ့ မတည့်တာမျိုး)
- အပင်၊ တိရိစ္ဆာန်အမွှေး၊ သန်း၊ ဓာတုပစ္စည်းတစ်မျိုးမျိုး၊ ရာဘာစသည်တို့နဲ့ ထိမိတဲ့အခါ
- အေးတဲ့ရာသီ ရောက်တဲ့အခါ
- လေ့ကျင့်ခန်းလုပ်ပြီး ချွေးထွက်တဲ့အခါ
- စိတ်ဖိစီးမှု များတဲ့အခါ
- အပူအစပ်တွေ စားတဲ့အခါ
- နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ
- တချို့ဆေးတွေနဲ့ ဓာတ်မတည့်တဲ့အခါ အင်ပြင်ထတတ်ပါတယ်။
အင်ပြင်ကြောင့် အရေပြားအတွင်းထဲထိနဲ့ မျက်ခွံ၊ နှုတ်ခမ်း စတဲ့ စိုစွတ်တဲ့ တစ်ရှူးတွေ ယောင်ရမ်းတာကို Angioedema လို့ ခေါ်ပါတယ်။ Angioedema ဟာ များသောအားဖြင့် စိုးရိမ်စရာ မရှိပေမယ့် ပါးစပ်၊ လည်ချောင်း နဲ့ အသက်ရှူလမ်းကြောင်းထဲထိ ယောင်ရမ်းလာရင်တော့ အသက်ရှူရခက်ခဲပြီး အသက်အန္တရာယ်စိုးရိမ်ရကာ အရေးပေါ်ကုသမှု လိုအပ်ပါလိမ့်မယ်။
ပုံမှန်အားဖြင့် အင်ပြင်ထတာဟာ မိနစ်အနည်းကနေ နာရီအနည်းငယ်အတွင်း သက်သာသွားတတ်ပြီး တခါတရံ ၂၄ နာရီတစ်ရက်ခန့် ကြာနိုင်ပါတယ်။ ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အထိ ပေါ်လိုက်ပျောက်လိုက်နဲ့လည်း ဖြစ်နေနိုင်ပါတယ်။
အကြောင်းရင်း မသိရဘဲ အချိန် ၆ ပတ်ကျော်တဲ့အထိ အင်ပြင်အသစ်တွေ ထပ်ထပ်ထွက်နေရင်တော့ Chronic Spontaneous Urtecaria (CSU) လို့ခေါ်ပြီး လပေါင်းများစွာကနေ နှစ်ပေါက်တဲ့အထိလည်း ကြာမြင့်နိုင်ပါတယ်။ CSU ရှိတဲ့သူတွေဟာ အိပ်ရေးပျက်တာ၊ မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးတာ၊ စိုးရိမ်ပူပန်တာ၊ စိတ်ဓာတ်ကျတာတွေပါ ခံစားရနိုင်ပါတယ်။
အင်ပြင်က ကူးစက်နိုင်လား?
အင်ပြင်က ကူးစက်တတ်တဲ့ ရောဂါမဟုတ်လို့ အင်ပြင်ထနေသူရဲ့ အရေပြားနဲ့ ထိတွေ့တာ၊ အင်ပြင်ထနေသူနဲ့ တစ်အိမ်တည်း၊ တစ်ခန်းတည်းနေတာတွေက ပြဿနာမရှိပါဘူး။
ဘယ်လိုကုသမလဲ?
- Menthol ပါတဲ့ လိမ်းဆေးခရင်မ်လိမ်းတာ၊ Calamine အရေပြားလိမ်းဆေးလိမ်းတာ
- မသက်သာသေးရင် Antihistamine ဆေးသောက်တာ (ဘာမီတွန်၊ Citrine စသည်)
- Antihistamine သောက်ပြီး မသက်သာရင် Steroids သောက်ဆေး၊ လိမ်းဆေးပေးတာတွေ လုပ်လေ့ရှိပါတယ်။ (ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့်ပါတယ်)။
မကြာခဏဖြစ်နေရင် သို့မဟုတ် နာတာရှည်လိုမျိုး ဖြစ်နေရင် အရေပြားဆရာဝန်နဲ့ သေချာပြသ ကုသသင့်ပါတယ်။
အင်ပြင်ထတာဟာ စိတ်အနှောင့်အယှက်ဖြစ်ရပေမယ့် အသက်အန္တရာယ်ရှိတဲ့ ရောဂါကြီးတော့ မဟုတ်ပါဘူး။ ဘာကြောင့်ဖြစ်တယ်ဆိုတာ သိပြီး ရှောင်နိုင်ရင် နောက်ထပ် အင်ပြင်မထအောင် ကာကွယ်နိုင်မှာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်